ခူဦးရယ်
ဥက္ကဋ္ဌ

ခူဦးရယ်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ သူသည် အတွေ့အကြုံကုံလုံပြည့်စုံသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ IEC တွင် ဦးဆောင်သူတစ်ဦး ဖြစ်သည့်အားလျော်စွာ ကရင်နီပြည်တည်ဆောက်ရေးတွင် အခရာကျသူတစ်ဦးဖြစ်ပြီး ကရင်နီပြည်ကြားကာလအစီအမံ၏ အပ်နှင်းချက်အရ ကရင်နီပြည်အတွင်း အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရေး၊ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ မူဝါဒများအား အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို ဦးဆောင်ဦးရွက်ပြုနေသူလည်း ဖြစ်သည်။ အာဏာရှင်မှန်သမျှကို ဆန့်ကျင်ရင်း လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အာမခံပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေစဥ်တွင် ခူဦးရယ်သည် ကရင်နီပြည်ရှိ လူမျိုးအားလုံးတို့အတွက် အပြောင်းအလဲကို ဆောင်ကြဥ်းပေးနိုင်မည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပြည်သူ့ဝန်ဆောင်မှုများ၊ ပြည်သူ လူထု၏ အရေးအရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ဖြည့်ဆည်းပေးနေသည့် ဌာနများကို ဦးဆောင်လျက်ရှိသည်။ ထို့အပြင် သူသည် နိုင်ငံရေးဆိုင်ရာ ပါဝင်ပတ်သက်သူများ၊ ပြည်ပနိုင်ငံများမှ သံတမန်များနှင့် ချိတ်ဆက်ကာ အစိုးရအချင်းချင်း အနေဖြင့် ချိတ်ဆက်ရာတွင် လည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင်လည်းကောင်း ဦးစီးဦးဆောင်ပြုနေသူတစ်ဦး လည်းဖြစ်သည်။