ဗဟိုဘဏ္ဍာရေး
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်ရေး၊ တရားမျှတမှုရှိရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိရန်အတွက် ပြန်လည်တည်ထောင်ရန်ရေး လုပ်ငန်းစဥ်များတွင် ဘဏ္ဍာရေးသည် မရှိမဖြစ်အရေးအကြီးဆုံးသော အခန်းကဏ္ဍတစ်ခုအဖြစ်ရှိနေပါသည်။ ထို့ကြောင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်များ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲနိုင်ရန်အတွက် ဗဟိုဘဏ္ဍာရေးကို ဖွဲ့စည်းထားသည်။
ဘဏ္ဍာရေးစံတန်ဖိုးများ
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Executive Council – IEC) ၏ ဘဏ္ဍာရေး စံတန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- (၁) ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council – IEC) အနေဖြင့် ဘဏ္ဍာငွေရှာဖွေခြင်း၊ စီမံခန့်ခွဲခြင်းနှင့် သုံးစွဲခြင်းများတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် ထိရောက်ပြီး အကျိုးရှိစွာအသုံးပြုနိုင်စေရန်။
- (၂) ဘဏ္ဍာငွေကြေးဆိုင်ရာ စာရင်းများပြုစုရေးဆွဲခြင်း၊ အစီရင်ခံတင်ပြခြင်း၊ ကြီးကြပ်ခြင်း၊ ဆုံးရှုံးမှုဖြစ်နိုင်ခြေများကို ကြိုတင်ကာကွယ်ခြင်းနှင့် ဌာနတွင်း စာရင်းစစ်ဆေးခြင်းတို့ အပါအ၀င် ဘဏ္ဍာရေးဆိုင်ရာ အရ/အသုံးမှတ်တမ်းများကို စနစ်တကျ သိမ်းဆည်းထားရန်။
- (၃) တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ ပြည်သူ့ဘဏ္ဍာငွေ၊ ပြည်သူ့အလှူငွေများမှ သုံးစွဲသည့် ကုန်ကျစရိတ်များအား အလေးထား ဂရုပြုသုံးစွဲရန်။
- (၄) ဘဏ္ဍာငွေများခွဲဝေသုံးစွဲရာတွင် တော်လှန်ရေး၏ ရည်မှန်းချက်များကို ရှေးရှုကာ စနစ်ကျပြီး မျှတစွာခွဲဝေသုံးစွဲရန်။
ဘဏ္ဍာရေး ရည်မှန်းချက်
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council – IEC) ၏ ဘဏ္ဍာရေး ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- (၁) ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ကရင်နီပြည်သူလူထုများအား ဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် တော်လှန်ရေးအောင်မြင်စေရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ဘဏ္ဍာငွေကြေးများကို ရှာဖွေဖြည့်ဆည်းပြီး ထိရောက်စွာ အသုံးပြုသွားရန်။
- (၂) လက်ရှိတော်လှန်ရေးနှင့် ကြားကာလ ဖက်ဒရယ် ဘဏ္ဍာရေးပေါ်လစီများ စတင်ကျင့်သုံး၍ အနာဂတ်တွင် ပိုမိုထိရောက်သော ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်သွားရန်။
- (၃) ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ၏ ဌာန/အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေများကို တိကျစွာ စိစစ် ကောက်ခံသုံးစွဲသွားရန်။
- (၄) ဘဏ္ဍာငွေများကို ခွဲဝေသတ်မှတ်သုံးစွဲမှုဆိုင်ရာအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ပိုမိုစနစ်ကျပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တိကျခိုင်မာသော အစီရင်ခံမှု ပြုလုပ်နိုင်စေရန်။
- (၅) ရန်ပုံငွေများသုံးစွဲရာတွင် အမျိုးသား၊ အမျိုးသမီး၊ မသန်စွမ်းနှင့် လိင်စိတ်ခံယူမှုကွဲပြားသူတို့၏ မတူညီသောလိုအပ်ချက်များအပေါ်တွင် အခြေခံပြီး ရသုံးမှန်းခြေငွေစာရင်းများကို တွက်ချက်ခြင်းနှင့် သုံးစွဲခြင်းများကို သေချာစေရန်။
ဘဏ္ဍာရေး လုပ်ငန်းစဉ် ရည်ရွယ်ချက်များ
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council – IEC) ၏ ဘဏ္ဍာရေး လုပ်ငန်းစဉ် ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- (၁) ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ စီမံပိုင်ခွင့်ရှိသည့် အခွန်မူဝါဒကို အသုံးပြု၍ အခွန်ဘဏ္ဍာငွေများကို ထိရောက်စွာ စီမံခန့်ခွဲရန်။
- (၂) အလှူရှင်များနှင့် ချိတ်ဆက်၍ ကြားကာလ ပြည်သူလူထုတို့၏ အနိမ့်ဆုံး လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးနိုင်ရန်။
- (၃) ဘဏ္ဍာရေးကော်မတီသည် နှစ်စဉ်အသုံးစရိတ် ပြည့်မီရန်အတွက် အစိုးရငွေတိုက် စာချုပ်နှင့် အခြား ငွေကြေးရှာဖွေမှုများ ပြုလုပ်သွားရန်။
- (၄) နိုင်ငံတကာ အဖွဲ့အစည်း၊ အစိုးရအဖွဲ့နှင့် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ချေးငွေများ ရရှိနိုင်ရန် ကြိုးပမ်းသွားရန်။
- (၅) ကရင်နီပြည်ရှိ လူထုများ၏ အခြေခံလိုအပ်ချက်များကို ပံ့ပိုး ဖြည့်ဆည်းသွားရန်။
ဘဏ္ဍာရေးကော်မတီ (Finance Committee) ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ဘဏ္ဍာရေးကော်မတီ (Finance Committee) ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- (၁)
ဘဏ္ဍာရေးကော်မတီကို ကြားကာလအစီအမံ ပြဌာန်းပါ အချက်များအတိုင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌက ဖွဲ့စည်းနိုင်သည်။ - (၂)
IEC ဘဏ္ဍာရေးကော်မတီအား အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းနိုင်ပါသည်။

- (၃)
ဘဏ္ဍာရေးကော်မတီသည် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို တာဝန်ခံရမည်။ IEC ၏ ဘဏ္ဍာရေးကော်မတီသည် အရေးပေါ်ကိစ္စရပ်များမှအပ အနည်းဆုံး တစ်လလျှင် (၁) ကြိမ် အစည်းအဝေး ပြုလုပ်ရမည်။ - (၄)
ဘဏ္ဍာရေးကော်မတီသည် ကြားကာလအစီအမံ ပြဌာန်းချက် (၇၅)နှင့် ဤမူဝါဒပါ အချက်များကို အသုံးပြု၍ ပြည်တွင်းပြည်ပမှ ပေးဆောင်သည့် အခွန်ဘဏ္ဍာငွေများကို စီမံခန့်ခွဲနိုင်သည်။ - (၅)
ဘဏ္ဍာရေးကော်မတီသည် ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှု မိတ်ဖက် အလှူရှင်များနှင့် ချိတ်ဆက်၍ ဘဏ္ဍာငွေများကို စီမံခန့်ခွဲနိုင်သည်။ - (၆)
ဘဏ္ဍာရေးကော်မတီသည် ရသုံးမှန်းခြေငွေစာရင်းတွင် မပါဝင်သည့် ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှုမိတ်ဖက် အလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိသော ဌာန/အဖွဲ့အစည်းများအားလုံး၏ စီမံကိန်းများနှင့် ပတ်သက်သည့် ဘဏ္ဍာငွေများ ကို ထိန်းညှိ စီမံခွင့်ရှိရမည်။ - (၇)
ဘဏ္ဍာရေးကော်မတီသည် ဌာန/အဖွဲ့အစည်းများက အဆိုပြုတင်ပြလာသော ရသုံးမှန်း ခြေငွေစာရင်း (ဘတ်ဂျက်) အသုံးစရိတ်များကို စိစစ်ဖြတ်တောက်နိုင်သည်။ - (၈)
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှ ခွင့်ပြုချထားပေးသော ဘဏ္ဍာငွေများ၊ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှု မိတ်ဖက်များထံမှရရှိသည့် မည်သည့် ဘဏ္ဍာငွေများ ကို မဆို IEC ဘဏ္ဍာရေးကော်မတီမှ စစ်ဆေးခြင်း၊ ညွှန်ကြားခြင်းများနှင့် ငွေစာရင်း ရှင်းတမ်းများ တောင်းဆိုခြင်းများ ပြုလုပ်ရမည်။ - (၉)
ဘဏ္ဍာရေးကော်မတီသည် ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှု မိတ်ဖက် အလှူရှင်များ၏ မူဝါဒများ ကို လိုက်လျောညီထွေစွာ ထိန်းညှိဆောင်ရွက်နိုင်သည်။ - (၁၀)
ဘဏ္ဍာရေးကော်မတီသည် IEC ဦးစီးကောင်စီ အစည်းအဝေးသို့ တစ်လလျှင် (၁) ကြိမ် အနည်းဆုံး တင်ပြမှုများ ပြုလုပ်ရမည်ဖြစ်ပြီး လူထုများသို့ (၆)လ လျှင် (၁) ကြိမ်အနည်းဆုံး ရှင်းတမ်း ထုတ်ပြန်ရမည်။ - (၁၁)
ဘဏ္ဍာရေးကော်မတီသည် ဤမူဝါဒနှင့် လုပ်ငန်းစဉ်များကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ဦးစီးကောင်စီ၏ အတည်ပြုချက်ဖြင့် ပြင်ဆင်ဖြည့်စွက်ပြီး ယာယီကျင့်သုံးနိုင်သည်။
ဗဟိုဘဏ္ဍာရေးအဖွဲ့ (Central Finance) ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ဗဟိုဘဏ္ဍာရေးအဖွဲ့ (Central Finance) ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- (၁) ဘဏ္ဍာရေးကော်မတီထံ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၏ ဘဏ္ဍာရေးမှူးမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်ပုဂ္ဂိုလ်များဖြင့် ဗဟိုဘဏ္ဍာရေးအဖွဲ့ (Central Finance) ကို ဖွဲ့စည်းရမည်။
- (၂) ဗဟိုဘဏ္ဍာရေးအဖွဲ့ (Central Finance) သည် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ၏ ရသုံးမှန်းခြေငွေစာရင်း ပြင်ဆင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ် တစ်ခုလုံးကို စောင့်ကြည့်ကြီးကြပ်ခြင်း (Technical oversight) ၊ လိုအပ်သည့်နည်းပညာ ကူညီမှုများ ပေးအပ်ခြင်း (Technical support) နှင့် ကျွမ်းကျင်မှုအရည်အသွေး တည်ဆောက်မြှင့်တင်ခြင်း (capacity building) တို့ကို ဆောင်ရွက်ရမည်။
- (၃) ကရင်နီပြည်၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ခိုင်မာအားကောင်းစေရေး (Strengthening Public Financial Management System) လုပ်ငန်းစဉ်များတွင် ဘဏ္ဍာရေးကော်မတီကို နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကောင်အထည်ဖော်ရမည်။
- (၄) ဘဏ္ဍာရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်တွင်းပြည်ပ အကူအညီ စီမံခန့်ခွဲမှု လုပ်ငန်းစဉ် များတွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ရမည်။
- (၅) ဘဏ္ဍာရေးကော်မတီက ထုတ်ပြန်ကြီးကြပ်ရန် လိုအပ်သော ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များကို နည်းပညာပိုင်းဆိုင်ရာ မူကြမ်းပြုစုရေးဆွဲခြင်း ဆောင်ရွက် ရမည်။
- (၆) ကရင်နီပြည်၏ ပြည်သူ့ဘဏ္ဍာရေးအခြေအနေများကို ပြည်သူသို့ တင်ပြခြင်းလုပ်ငန်းစဉ်တွင် ကိန်းဂဏန်း အချက်အလက်များ စုဆောင်းခြင်း၊ သုံးသပ်စိစစ်ရေးသားခြင်းများ ဆောင်ရွက် ပေးရမည်။
- (၇) ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဦးစီးကောင်စီထံ ဘဏ္ဍာရေး ကော်မတီမှတဆင့် (၃)လလျှင် (၁) ကြိမ် ဘဏ္ဍာရေးအခြေအနေဆိုင်ရာ တင်ပြမှုများ ပြုလုပ်ရမည်ဖြစ်ပြီး ပြည်သူလူထုထံသို့ တစ်နှစ်လျှင် အနည်းဆုံး (၁) ကြိမ် ရှင်းတမ်း ထုတ်ပြန် ရမည်။
ဗဟိုဘဏ္ဍာရေး ဖွဲ့စည်းပုံ
ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေးစနစ်(Public Finance Management System)၊ ကရင်နီပြည်။
၁။ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု စက်၀န်း ( PFM cycle )
ကရင်နီပြည် ဘဏ္ဍာရေးမူ၀ါဒနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုစည်းမျဉ်း
ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကို ကရင်နီပြည်ဘဏ္ဍာရေးမူ၀ါဒနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုစည်းမျဉ်း ကိုအခြေခံ၍ စီမံခန့်ခွဲမှုများ ပြုလုပ်လျက်ရှိပါသည်။
ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ
- (၁)
ဘတ်ဂျပ်ရေးဆွဲခြင်း
- (၁)

- (၂)
ဘတ်ဂျပ်အတည်ပြုခြင်း 
- (၃)
ဘတ်ဂျပ်အကောင်အထည်ဖော်ခြင်း

- (၄)
ဘတ်ဂျက် အကောင်အထည်ဖော်မှု စစ်ဆေးသုံးသပ်ခြင်း

နိဂုံး
သို့ဖြစ်ပါ၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက် ပန်းတိုင်ရရှိနိုင်ရန် ဗဟိုဘဏ္ဍာရေး အခြေအနေ အချိန်အခါနှင့် လျော်ညီစွာ ပြင်ဆင်ဖွဲ့စည်းမည် ဖြစ်ပါသည်။ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း အချိန်နှင့်တပြေးညီ မွမ်းမံပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ကရင်နီပြည်မှ စ၍ ပြည်ထောင်စု တဝှမ်းလုံးတွင် စစ်အာဏာရှင်စနစ် အမြစ်မကျန် အဆုံးသတ် သည်အထိ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။
