ပြည်သူ့အုပ်ချုပ်ရေး၏နောက်ခံသမိုင်းအကြောင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စစ်ကောင်စီမှ မတရားအာဏာသိမ်းသဖြင့် ပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ ဝန်ထမ်းများ လက်ခံနိုင်ခြင်း မရှိပါ၍ ဆန္ဒပြချီတက် သပိတ်မှောက်ခဲ့ကြပါသည်။ ဆန္ဒပြဆန့်ကျင်မှုများ တစ်စုတစ်တည်း ဖြစ်ရန် ရည်ရွယ်ပြီး (၉.၄.၂၀၂၁ )ရက်နေ့တွင် KSCC ကို ဖွဲ့စည်းခဲ့ပါသည်။ KSCC အား ဖွဲ့စည်းပြီး နောက်ပိုင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင် (၃)ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)အား (၆.၆.၂၀၂၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ဌာနဆိုင်ရာများအား တိုးချဲ့ဖွဲ့စည်းခဲ့ပါ သည်။ အုပ်ချုပ်ရေးကဏ္ဍတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်သည့် ပြည်ထဲရေးဌာနကို (၇.၉.၂၀၂၃) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဌာနအောက် ဌာနခွဲ (၄)ခုကို ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့ပါသည်။ ၎င်းတို့မှာ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဌာနခွဲ၊ လူဝင်မှုကြီးကြပ် ရေးဌာနခွဲနှင့် အရေးပေါ် ကယ်ဆယ်ရေးဌာနခွဲ တို့အား ဖွဲ့စည်းခဲ့ပါသည်။
ရည်ရွယ်ချက်
- (၁) ကြားကာလအတွင်း ကရင်နီပြည် ဖက်ဒရယ်ဒီမိုကရေစီယူနစ်အဆင့်တွင် အင်အားစုများ အားလုံးပါဝင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရန်၊
- (၂) ကြားကာလအတွင်း ကရင်နီပြည်ဖက်ဒရယ်ဒီမိုကရေစီယူနစ်အဆင့်တွင် ပြည်သူလူထုများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေအုပ်ချုပ်ရေး စီမံမှုများကို ကူညီဖြေရှင်းသွားရန်၊
- (၃) ပြည်သူလူထု၏ ဘဝလုံခြုံမှုနှင့် လက်ရှိကြုံတွေ့နေရသော ဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်ပေးနိုင်ရေး ထိရောက်သော စီမံဆောင်ရွက်မှုယန္တရားများ ပေါ်ပေါက်ရန်။
မြို့နယ်အုပ်ချုပ်ရေးဖွဲ့စည်းပုံနှင့် ရွေးကောက်တင်မြှောက်ပုံ အဆင့်ဆင့်
ကရင်နီပြည်ကြားကာလအစီအမံ အပိုဒ် (၄၄)အရ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီသည် “ကရင်နီပြည်၏ ကြားကာလအုပ်ချုပ်ရေးနယ်မြေများ ဖွဲ့စည်းခြင်း၊ စီမံအုပ်ချုပ်မှု ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ယခင်တည်ရှိခဲ့သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း” ပါ လမ်းညွှန်ချက်နှင့်အညီ ကျင့်သုံးလျက် မြို့နယ်အဆင့် ကြားကာလ အုပ်ချုပ်ရေး၏ ဖွဲ့စည်းပုံကို သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုမှ ရွေးကောက်ခံကိုယ်စားလှယ် များဖြင့် ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် စုစုပေါင်း (၇)ဦးမှ (၁၅)ဦးအထိ ဖွဲ့စည်းခဲ့ပါသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကြားကာလ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အား ဖွဲ့စည်းပြီး ကျေးရွာ၊ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ဆင့် အလိုက် ရွေးကောက်ခံ ပြည်သူများနှင့် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုမှ အမည်စာရင်း ပေးပို့လာသူများအား ကြားကာလ ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့၏ လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် မြို့နယ်ကြားကာလအုပ်ချုပ်ရေး ကောင်စီဝင်များအား ရွေးချယ်ခန့်အပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များ
ကရင်နီပြည်၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာမူဝါဒ လမ်းညွှန်(မူကြမ်း)အား သက်ဆိုင်ရာပညာရှင်၊ အရပ်ဖက်အဖွဲ့၊ ဥပဒေ၊ တရားရေး၊ ဌာနဆိုင်ရာများ၊ မြို့နယ် ကိုယ်စားလှယ် များနှင့် ပူးပေါင်းရေးဆွဲပြီး ကြားကာလဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာမူဝါဒ အတည်ပြုနိုင်ရန် အတွက် KSCC သို့ တင်ပြထားဆဲ ဖြစ်ပါသည်။
အုပ်ချုပ်ရေးကဏ္ဍတွင် ဘဏ္ဍာငွေကြေး အသုံးပြုပုံ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ စ၍ ဗဟိုဘဏ္ဍာရေးမှ ခွဲဝေချထားပေးသည့် အခွန်(၄%)မှ ဘဏ္ဍာငွေများနှင့် အလှူရှင်မှ ထောက်ပံ့ပေးသော ဘဏ္ဍာငွေများအား မြို့နယ်အတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ စစ်ရှောင်အရေး၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် မြို့နယ်ရုံး အသုံးစရိတ် စသည့်ကဏ္ဍအသီးသီးအား သုံးစွဲခဲ့ပါသည်။
ဖွဲ့စည်းပုံ