ခွန်းဘီထူး
ဒုဥက္ကဋ္ဌ

ခွန်းဘီထူးသည် IEC ကို စတင်ဖွဲ့စည်းစဉ်တည်းက ဒုတိယဥက္ကဋ္ဌအနေဖြင့် ပါဝင်ခဲ့သူဖြစ်သည်။ သူသည် တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးရာကိစ္စရပ်များအတွက် အချိန်ကာလ ကြာရှည်စွာ တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ပြီး စစ်တပ်မှ ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူသည့် အစီအစဉ်အား ဆန့်ကျင်တော်လှန်ရန် စည်းရုံးလှုံဆော်ခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဖမ်းဆီးအကျဉ်းချခံခဲ့ရသူလည်း ဖြစ်သည်။ ထောင်မှ လွတ်မြောက်လာပြီးသည့်နောက်တွင် သူ၏ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်မှုများသည် ပို၍ အရှိန်အဟုန် ပြင်းထန်လာခဲ့သည်။ ကရင်နီ၏ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ခဲ့ပြီး ကယန်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသကဲ့သို့ ၂၀၂၀ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအစ၌ပင် သူ၏ ဦးဆောင်မှုဖြင့် ကရင်နီပြည်အတွင်း အင်အားအကြီးဆုံးခုခံတော်လှန်ရေးအင်အားစုတစ်ခုဖြစ်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို ဖွဲ့စည်းခဲ့ပြီး ထိုအချိန်မှစတင်ကာ စစ်သေနာပတိချုပ်အဖြစ်လည်း တာဝန်ယူထားခဲ့သည်။ သက်လတ်ပိုင်းအရွယ် တက်ကြွသော ဒုတိယဥက္ကဋ္ဌတစ်ဦးအနေဖြင့် ခွန်းဘီထူးသည် ကရင်နီပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်လျက်ရှိသည်။