နောက်ခံသမိုင်းကြောင်း
ကိုလိုနီခေတ်မတိုင်မီနှင့် ကိုလိုနီခေတ်နှောင်း မြန်မာနိုင်ငံလွတ်လပ်ရေးရယူသည့်အချိန်အထိကရင်နီပြည်သည် သီးခြားလွတ်လပ်ခဲ့သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရယူပြီး ပြည်တွင်းစစ်ကြီးအတွင်းသို့ ကရင်နီပြည်အား သွတ်သွင်းခြင်းခံခဲ့ရသကဲ့သို့ ၁၉၅၂ ခုနှစ်တွင် ကရင်နီပြည်ဟူသည့် အမည်အား ကယားပြည်နယ်အဖြစ်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့အတူ ဗိုလ်နေဝင်းအမှူးပြုသည့် အိမ်စောင့်အစိုးရမှ ၁၉၅၉ ခုနှစ်၊ မတ်လ၊ ၉ ရက်နေ့တွင် နယ်ရှင်တို့၏ နယ်အုပ်ချုပ်ရေးအာဏာစွန့်ရေး အဆိုပြုချက်ကိုအတည်ပြုခဲ့ပြီး ဧပြီလ၊ ၂၉ ရက်နေ့တွင် အာဏာစွန့်ခဲ့ရသည်။ ကရင်နီပြည်ခေါင်းဆောင်များနှင့် ပြည်သူပြည်သားတို့သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုနိုင်ငံတည်ထောင်ရန် စဉ်ဆက်မပြတ် ဆက်လက်တိုက်ပွဲဝင်တောင်းဆိုခဲ့သည်မှာ ယနေ့ကာလတိုင် ဖြစ်ပေသည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တန်းတူရည်တူ အပြန်အလှန် အသိအမှတ်ပြုမှု အခင်းအကျင်းများမရှိခဲ့ဘဲ တဖက်သတ်ကန့်သတ်ဘောင်ခတ်မှုများ အောက်တွင်သာ ဆွေးနွေးခဲ့ကြရပြီး ပြည်တွင်းစစ်မီးအား ရပ်စဲရန် ဦးမတည်နိုင်ခဲ့ပေ။ စစ်တပ်မှ တဖက်သတ်ရေးဆွဲပြီး နာဂစ်မုန်တိုင်း ဖြစ်ပေါ်ခဲ့သည့်ကြားမှ အတင်းအကြပ်အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်း ပြည်နယ်များ၏ အမျိုးသားတန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို ပိတ်ပင်ကန့်သတ်ထားကာ လုပ်ပိုင်ခွင့်အနည်းငယ်မျှကိုသာ အပ်နှင်းထားပေသည်။ ၂၀၂၀ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ကရင်နီပြည်မှ မဲဆန္ဒရှင်များ၏ ထောက်ခံအားပေးမှုကြောင့် လွှတ်တော်ရေးရာများတွင် ဒေသခံနိုင်ငံရေးပါတီများမှ ပိုမိုအနိုင်ရလာသော်လည်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မတရားအာဏာသိမ်းယူရန် ကြိုးပမ်းခဲ့မှုကြောင့် တခန်းရပ်အခွင့်အာဏာ ဆုံးရှုံးခဲ့ရပြန်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမှူးပြုသည့် တရားမဝင် အာဏာသိမ်း အကြမ်းဖက်စစ်တပ်သည် နိုင်ငံတော်၏ အာဏာကို သိမ်းယူရန်ကြိုးပမ်းခဲ့သောကြောင့် ကရင်နီပြည် အပါအဝင် နိုင်ငံတဝှမ်းလုံးရှိ ပြည်သူလူထုတို့သည် လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး၊ လူထုအာဏာကို လူထုလက်ထဲသို့ ပြန်လည်ပေးအပ်ရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။ မိမိတို့ကရင်နီပြည်အတွင်းတွင်လည်း ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့သော ပြည်သူလူထုများအား အကြမ်းဖက်ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်းအပြင် လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်သည်အထိ ပြုလုပ်ခဲ့သောကြောင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူထုတော်လှန်ရေး ဖြစ်ပေါ်လာခဲ့သည်။ လက်ရှိ လူထုတိုက်ပွဲသည် ကရင်နီပြည်တွင် အကြီးမားဆုံးသောညီညွတ်မှု၊ ရှင်းလင်းပြတ်သားသည့် နိုင်ငံရေးရည်မှန်းချက်နှင့်အတူ အောင်မြင်သော နိုင်ငံရေး၊ စစ်ရေးကို ပြန်လည်တည်ဆောက်လာနိုင်မည့် အခွင့်အလမ်းတစ်ရပ်သို့ ဦးတည်လာစေပါသည်။ ယခင်နှစ်ပေါင်းများစွာက ကရင်နီပြည်အတွင်းရှိ မျိုးနွယ်စုများနှင့် အင်အားစုများအကြားကွဲပြားမှုများကြောင့် စစ်ရေးနှင့် နိုင်ငံရေးအခွင့်အရေးများ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ လက်ရှိ တော်လှန်ရေးကာလတွင် လူမျိုးစုံလင်ကွဲပြားမှု၊ ဘာသာဓလေ့၊ အယူဝါဒကွဲပြားမှုနှင့် ဗျူဟာမတူ ကွဲပြားမှုများကို ချင့်ချိန်ထိန်းညှိပြီး လူထုများမျှော်မှန်းတောင့်တသည့် တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှု၊ လူမျိုးအချင်းချင်းအကြား နားလည်ယုံကြည်မှု၊ ပြန်လည်ပေါင်းစည်းနိုင်မှုများကို ဆက်လက်တည်ဆောက်လျက်ရှိပါသည်။ ကရင်နီပြည်၏ အနာဂါတ်နိုင်ငံရေးရည်မှန်းချက်မှာ ပြည်ထောင်စုအတွင်း တည်ငြိမ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပြီး ပြည်နယ်အုပ်ချုပ်စီမံခန့်ခွဲမှုအခွင့်အာဏာသည် မိမိတို့ပြည်သူလူထု၏ လက်ဝယ်တွင် တည်သည်ဟူ၍ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ပေါ်ထွန်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးစသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ – Karenni State Consultative Council (KSCC) ကို ၂၀၂၁ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် စတည်ဖွဲ့စည်းခဲ့ပြီး အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွန်ချက်များအတိုင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ -Interim Executive Council of Karenni State (IEC) အား ၂ဝ၂၃ ခုနှစ် ဇွန်လ (၁၂) နေ့တွင် ဖွဲ့စည်းခဲ့ပြီး
- (၁) စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလပြည်နယ် အစိုးရတရပ်၏ အုပ်ချုပ်ရေးကိုဖော်ဆောင်သွားရန်၊
- (၂) ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊
- (၃) ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် ကနဦး မျှော်ရည်ခဲ့ကြသည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရန်အပြင် လူထုများ၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဖြစ်သည်။ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) သည် ရေတို၊ ရေရှည်အစီအမံများချမှတ်လျက် တော်လှန်ရေးအင်အားစုများကို ဆက်လက်စုစည်းသွားပြီး ပြည်သူလူထုအား အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် လူထုဝန်ဆောင်မှုလုပ်ငန်းများ ချိတ်ဆက်ဖော်ဆောင်ခြင်းနှင့် လက်ရှိဆောင်ရွက်နေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ရဲဌာန၊ အကျဉ်းထောင်တို့ကိုလည်း စနစ်တကျစီမံခန့်ခွဲကာ မိမိတို့၏ နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည် ဖော်ဆောင်လျက်ရှိပါသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေဖြင့် ပြည်တွင်း၊ ပြည်ပအင်အား စုများနှင့် ချိတ်ဆက်ဆောင်ရွက်သည့်အပြင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော CRPH၊ NUCC နှင့် NUG တို့နှင့်လည်း အတူလက်တွဲဆောင်ရွက်လျက် ရှိပါသည်။ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ကောင်စီအဖွဲ့ဝင် (၆) ဦးဖြင့် ကနဦးဖွဲ့စည်း ဦးဆောင်နေပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး (၁၂) ရပ်ကို ထားရှိဖွဲ့စည်းရန် ရည်မှန်းထားပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါ အထောက်အကူပြုဌာန (၁၂) ခု ကို ဖွဲ့စည်းထားပြီးဖြစ်ပါသည်။
- (၁) ပြည်ထဲရေးဌာန
- (၂) ပညာရေးဌာန၊
- (၃) ကျန်းမာရေးဌာန၊
- (၄) လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊
- (၅) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန၊
- (၆) အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊
- (၇) တရားရေးဌာန၊
- (၈) ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန
- (၉) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန၊
- (၁၀) ဆောက်လုပ်ရေးဌာန၊
- (၁၁) လူငယ်ရေးရာဌာန၊
- (၁၂) ကာကွယ်ရေးဌာန။
ထို့အတူ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဌာနကို ထပ်မံတိုးချဲ့ဖွဲ့စည်းရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။
ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်ရေးရာဌာနများသည် တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ ချမှတ်ထားသော မူဝါဒလမ်းညွှန်ချက်များအတိုင်း ပြည်နယ်၏ အခွန်ဘဏ္ဍာငွေများကို စနစ်တကျစီမံခန့်ခွဲ၍ ဝန်ထမ်းနှင့် ပြည်သူလူထုများ၏ အကျိုးကိုဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းတွင် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်သော ပြည်သူ့ဝန်ထမ်းကောင်းများ၊ တတ်သိပညာရှင်များနှင့် အတူလက်တွဲကာ ပြည်သူလူထုတစ်ရပ်လုံး၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် ပူးပေါင်းပါဝင်ကြရန် အထူးဖိတ်ခေါ်အပ်ပါသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) သည် ကရင်နီပြည်အတွင်းနှင့် ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သစ်သို့ အသွင်ကူးပြောင်းသွားနိုင်ရန် ပြည်ထောင်စုတစ်ဝှမ်းရှိ အင်အားစုအားလုံးတို့နှင့်အတူ အစွမ်းကုန်လက်တွဲကြိုးစားသွားမည်ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ကရင်နီပြည်အစိုးရသစ်ပေါ်ပေါက်လာသည့် အချိန်ကာလတွင် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား သတ်မှတ်ပြဌာန်းထားသော ကာလသက်တမ်းနှင့်အညီ ရုတ်သိမ်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကရင်နီပြည်သည် အခြားဖက်ဒရယ်ယူနစ်များနှင့် လက်တွဲ၍သော်လည်းကောင်း၊ ပြည်ထောင်စုတဝန်းလုံးရှိ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်နေသည့် အင်အားစု အားလုံးနှင့်ပူးပေါင်း၍ သော်လည်းကောင်း ယခုဖြစ်ပေါ်ပျက်စီးယိုယွင်းနေသည့် တိုင်းပြည်၏ အခြေအနေအဝဝကို အပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ စံတန်ဖိုးများဖြစ်သော အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး လွတ်လပ်ပွင့်လင်းဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံပါဝင်သွားမည် ဖြစ်ပါသည်။